စီးပွားရေးလုပ်ရာတွင် တွက်ဆသင့်သောအရာများ (လူလိမ်မခံရချင်ရင် ဒါကိုဖတ်ပါ)

စီးပွားရေးလုပ်ရာတွင် တွက်ဆသင့်သောအရာများ
(လူလိမ်မခံရချင်ရင် ဒါကိုဖတ်ပါ)
===========
အမြတ်ရာခိုင်နှုန်း (အသားတင်အမြတ် Net Profit)
စီးပွားရေးလုပ်ရာမှာ အမြတ်ဘယ်လောက်ရလဲဆိုတာကို နှစ်ချုပ်နဲ့ပြောလေ့ရှိတယ်။ ပြီးတော့ သိန်းဘယ်လောက်ဆိုတာနဲ့ပြောတာထက် အရင်းပေါ်မှာ ရာခိုင်နှုန်း ဘယ်လောက်ဆိုတာနဲ့ပြောတယ်။ မြန်မာအခေါ်တော့ ဘယ်နှစ်ကျပ်မြတ်သလဲပေါ့
၁% = ၁ ကျပ် လို့ အခေါ်အဝေါ်သုံးကြတယ်။ ဒီနှစ် ၁၅ ကျပ်မြတ်တယ်ဟေ့ဆို ၁၅% မြတ်တာကိုပြောတာ။ ၅၀ မြတ်တယ်ဟေ့ဆို ၅၀% မြတ်တာကိုပြောတာ။
သိန်း ၁၀၀၀ ရင်းထားလို့ တစ်နှစ်လုံး သိန်း ၅၀၀ အသားတင်အမြတ်ထွက်ရင် ၅၀% ပေါ့
သိန်း ၁၀၀၀ ရင်းလို့ တစ်နှစ်လုံး သိန်း ၁၅၀ အသားတင်အမြတ်ထွက်ရင် ၁၅% ပေါ့
ဘဏ်တိုးဆိုရင် စာရင်းသေအပ်ငွေ ထည့်ရင် ရတဲ့အတိုးက ၁၀% ပေါ့။
ပြင်ပမှာ ရွှေပေါင်နဲ့ ငွေတိုးချေးရင် တစ်လ ၃% တိုးရတယ်ဆိုရင် ၃၆% ပေါ့။
===========
ဒီအကြောင်းကို အဓိကပြောချင်တာ လူလိမ်တွေကြောင့်ပါ။ အောက်က ပေးမယ့် ဥပမာတွေကို သေချာနားလည်အောင်ဖတ်စေချင်တယ်။ အလိမ်ခံရဖို့ နည်းသွားတာပေါ့။
===========
စီးပွားရေးမှာ အမြတ်ရာခိုင်နှုန်းကို မှန်းဆချင်ရင် ၂ ချက်ကို အဓိကထည့်စဉ်းစားရတယ်။
၁။ ငွေရင်း များခြင်းနည်းခြင်း
၂။ စျေးကွက် ကြီးခြင်းသေးခြင်း
၁ ကို ခေတ်စားနေတဲ့ ဥပမာနဲ့ အရင်ရှင်းပြမယ်။
အွန်လိုင်းစတိုးလေးလုပ်မယ်ပေါ့ဗျာ။ အင်္ကျီတွေရောင်းမယ် တစ်ထည်ကို ၂၀% အမြတ်တင်မယ်ဆိုပါဆို့ (အသုံးစရိတ်တွေဘာတွေ မေ့ထားလိုက်)၊ ၀ယ်သမျှ ရောင်းကုန်ရင် အသားတင် အမြတ် ၂၀% ရမယ်ပေါ့။
အင်္ကျီ ၁၀ ထည်စ၀ယ်ပြီးရောင်းမယ်။ ငါ အင်္ကျီ ၁၀ ထည်ရောင်းမယ်ဟေ့လို့ Facebook မှာအော်လိုက်တာနဲ့ သူငယ်ချင်းတွေ ဝိုင်းအားပေးလို့ ခဏလေးကုန်သွားမယ်။ ၁ ပတ်တောင်ကြာမှာမဟုတ်ဘူး၊
(အရင်း အင်္ကျီ ၁၀ ထည်၊ ၁ ပတ်အတွင်း ၂၀% အမြတ်၊ ဒီအတိုင်းသာရောင်းကောင်းရင် ၁ နှစ်ကို ၉၆၀% ရှိမယ်)
အင်္ကျီ ၁၀၀ ၀ယ်ပြီးရောင်းမယ်။ ဟော ပြသနာက စတွေ့ပြီ။ သူငယ်ချင်းတွေ ဝုိင်းအားပေးလို့ အထည် ၂၀လောက်တော့ ရောင်းလို့လွယ်မယ်။ ကျန်တဲ့ အထည် ၈၀ ကိုကုန်အောင်ရောင်းဖို့ ၁ လတန်သည် ၂ လတန်သည်ကြာမယ်။
(အရင်း အင်္ကျီ ၁၀၀ ထည်၊ ၁ လ အမြတ် ၂၀%၊ ၁ နှစ်ကို ၁၂၀%)
အင်္ကျီ ၁၀၀၀ ၀ယ်ပြီးရောင်းမယ်။ ပုံမှန်သာရောင်းနေရင် တစ်နှစ်လုံးကုန်တာတောင် ၁၀၀၀ ရောင်းလို့ ထွက်မှာမဟုတ်ဘူး။ စဥ်းစားကြည့်။
(အရင်း အင်္ကျီ ၁၀၀၀ ထည်၊ ၁ နှစ်အမြတ် <၂၀%)
ဒါဟာ အရင်းများခြင်း နည်းခြင်းမှာ အမြတ်ရာခိုင်နှုန်း ဘယ်လောက်ထွက်နိုင်လဲဆိုတာရဲ့ အကောင်းဆုံး ဥပမာပဲ။
အင်္ကျီနေရာ ငွေကျပ် ၁၀ သိန်း၊ သိန်း ၁၀၀၊ သိန်း ၁၀၀၀ စဉ်းစားကြည့်လိုက်။
ဒီတော့ အရင်းများလေလေ ထွက်နိုင်တဲ့အမြတ်က နည်းလေလေပဲ။
၁ သိန်းရင်းတဲ့ လမ်းဘေး ထမင်းဆိုင်ဟာ တစ်ရက်ကို ၁၀၀% မြတ်နိုင်ပေမယ့်
သိန်း ၁ သောင်းရင်းတဲ့ လုပ်ငန်းတစ်ခုဟာ တစ်နှစ်ကို ၃၀% ရရင် အတော်ကောင်းနေပါပြီ။ တစ်နှစ်ကိုနော် .. တစ်လ ၂.၅% ပဲရှိမယ်။
သိန်း ၁ သိန်းရင်းတဲ့ လုပ်ငန်းတစ်ခုဟာ တစ်နှစ်ကို ၂၀% ရရင် အရမ်းပျော်နေရပြီ။ တစ်လ ၁.၅% ဘဏ်တိုးကျော်မြတ်နေလို့
သိန်းပေါင်း သိန်းများစွာ ရင်းထားတဲ့လုပ်ငန်းလုပ်နေတဲ့သူတွေစကားအရ တစ်လ ၁% တောင် မမြတ်ပါဘူးတဲ့၊ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အခုအချိန်မှာ ရှုံးရှုံးကြီးနဲ့ တစ်ချိန်ပြန်ကောင်းလာမှာပဲဆိုပြီး လုပ်ငန်းလည်ပတ်မှုရပ်မသွားအောင် ဆက်လုပ်နေရတဲ့လုပ်ငန်းကြီးတွေ အများကြီးပါ။
ဒါက တခြားအချက်တွေ အကုန်ဖယ်ထုတ်ထားသေးတဲ့ အလွယ်ဥပမာပါ။ တကယ့်လက်တွေ့ အပြင်မှာ လုပ်ငန်းကြီးလာလေလေ ၀န်ထမ်းစရိတ် ဆိုင်ခန်းစရိတ် အခွန်အခတွေ အခြားကုန်ကျစရိတ်တွေ ပိုများလာလေလေပါပဲ၊ လမ်းဘေးစျေးသည်တွေဘာကြောင့်များလာတာလဲဆိုတဲ့ အဖြေဟာ ဒီထဲမှာ တစိတ်တပိုင်းပါ၀င်ပါတယ်။
=====
၂ ကိုတော့ မြန်မာနိုင်ငံတွင်းလုပ်နေတဲ့လုပ်ငန်းနဲ့ နိုင်ငံတကာမှာ လုပ်နေတဲ့လုပ်ငန်း အကြမ်းဖျင်းယှဉ်ပြချင်တယ်
မြန်မာနိုင်ငံမှာ လူဦးရေ ၅၂ သန်းရှိတယ်။
ဒီတော့ စဉ်းစားရတာလွယ်အောင် မြန်မာနိုင်ငံက လူဦးရေ ၅၂ သန်းလုံး တစ်နေ့ကို နို့တစ်ခွက် သောက်တယ်ဆိုပါစို့
မြန်မာနိုင်ငံက နွားနို့ရောင်းတဲ့လုပ်ငန်းတစ်ခုဟာ (အပြိုင်မရှိဘူးဆိုရင်) တစ်နေ့ကို နို့ခွက်ရေ ၅၂ သန်းရောင်းရမယ်။ ဘယ်လောက်ကြီးပိုတော်တော် ပိုတတ်တတ်၊ ဘယ်လောက်ကြီး ပိုကြိုးစားလဲ ၅၂ သန်းပဲ၊ တိုးလာစရာမရှိဘူး
ဒီတော့ သူ့ဟာ တစ်နေ့ ၅၂ သန်းပဲရောင်းရတဲ့အတွက် အရင်းငွေ သိန်း ၁သောင်းနဲ့ အမြတ်ရာခိုင်နှုန်း ၂၀% ရတယ်ဆိုရင် သူ့အတွက်က ဒါပဲ။ နို့တွေပိုထွက်လဲ သွန်ပစ်ရုံပဲရှိတယ်။ အရင်းငွေ သိန်း ၃ သောင်းထည့်လဲ ဘာမှတိုးမလာတော့ဘူး။ သိန်း ၃ သောင်းထည့်လဲ သိန်း ၁ သောင်းဖိုးပဲ လည်လို့ရတဲ့အတွက် အမြတ်ရာခိုင်နှုန်းဟာ ၃ နဲ့ စားလိုက်သလိုဖြစ်ပြီး ၇% လောက်ပဲရတော့မယ်။
ဘာလို့လဲဆိုတော့ ပြည့်၀တဲ့စျေးကွက် Market Saturated ဖြစ်သွားလို့
အဲဒီမှာ ဒီကန့်သတ်ချက်ကိုကျော်လွှားဖို့အတွက် Multi National Cooperation (MNC) ဆိုတဲ့ အရာပေါ်လာတယ်။
ကိုယ့်နိုင်ငံ ၅၂ သန်းရောင်းလို့ ပိုရင် တခြားနိုင်ငံကလူတွေကိုသွားရောင်းမယ်ကွာဆိုပြီးတော့ စဉ်းစားလာကြတယ်။
တရုတ်မှာ ၁၃၇၁ သန်းရှိတယ်။ ဟာ ..... အများကြီး ရောင်းလို့ကိုလောက်မှာမဟုတ်ဘူး ... တွေ့လား
၅၂ သန်းအတွက် သိန်း ၁ သောင်းအရင်းလိုရင် ..... ၂၆.၃၆ ဆရှိတဲ့ တရုတ်ပြည်အတွက်ဆို သိန်း ၂၆.၃၆ သောင်း (သိန်းပေါင်း ၂ သိန်း၆သောင်းကျော်) အထိ လုပ်ငန်းချဲ့လို့ရသွားနိုင်တဲ့ အနေအထားဖြစ်သွားတယ်။
ဒါ တရုတ်ပြည်ပဲရှိသေးတယ် အိန္ဒိယ ၁၃၁၁ သန်း .. ဝါးးးးး အများကြီးပဲ
ဒီလိုနဲ့ ကိုယ့်နိုင်ငံတွင်းရောင်းနေရာကနေ အကန့်အသတ်ဖြစ်လာတော့ တခြားနိုင်ငံတွေကို ကျော်လွန်ရောင်းချဖို့ကြိုးစားရင်း MNC တွေပေါ်လာတယ်။ သူတို့ရဲ့ လည်ပတ်နေတဲ့ ငွေကြေးတွေဟာလဲ တစ်နိုင်ငံထည်းရောင်းနေတဲ့လုပ်ငန်းတွေထက် အများကြီးပိုများလာတယ်။
iPhone ထုတ်တဲ့ Apple ကုမ္ပဏီရဲ့ တန်ကြေးဟာ ဒေါ်လာ ဘီလျံ ၈၀၀ ကျော်သွားပြီ။
ဒေါ်လာ ဘီလျံ ၈၀၀ == မြန်မာငွေ သိန်းပေါင်း သိန်း 10840 လောက်ရှိတယ်။ မြန်မာပြည်မှာ ဘယ်ကုမ္ပဏီမှ အဲ့လောက်မချမ်းသာနိုင်ဘူး။ ရှင်းရှင်းပြောရရင် မြန်မာတစ်နိုင်ငံလုံးတောင် အဲ့လောက်မချမ်းသာဘူး။ ဘာလို့လဲဆိုတော့ တကမ္ဘာလုံး သန်း ၇ထောင်ကို ရောင်းနေတဲ့ကုမ္ပဏီနဲ့ မြန်မာပြည်က ၅၂ သန်းကို ရောင်းနေတဲ့ကုမ္ပဏီ ကွာနေလို့ပဲ
=====
ဆက်ပြောရရင်တော့ လူလိမ်တွေအကြောင်းအဓိကလာပြီ။
ရှယ်ယာတွေခေါ်တယ်။ တစ်လကို ၁၀% မြတ်စေရပါမယ်၊ တစ်လကို ၅% မြတ်စေရပါမယ်ပေါ့။
အပေါ်က အချက် ၂ ချက်နဲ့ပဲယှဉ်ကြည့်၊ မြန်မာပြည်တွင်းပဲရောင်းမယ့်သူဆိုတာတော့ သေချာတယ်၊ နိုင်ငံခြားပို့နိုင်ဖို့ဆိုတာ သယံဇာတကလွဲလို့ မြန်မာကုမ္ပဏီအတွက်အတော်မလွယ်တဲ့ကိစ္စ။ ဒီတော့ ၂ အချက်က အသေဖြစ်သွားပြီ ထည့်မတွက်နဲ့တော့။ ၁ အချက် တစ်ခုတည်းကို စဉ်းစားရတော့မယ်။
အဲ့ဒီမှာ ၂ ချက်အလွယ်ပြန်ခွဲပြရရင်
--- ရှယ်ယာခေါ်ရာမှာ အကန့်အသတ်ရှိလား ၁ ချက်၊
ဥပမာ သိန်း ၁ ထောင်ဖိုးပဲခေါ်မှာ၊ ပြီးရင် ဆက်မခေါ်တော့ဘူး၊ အဲဒီအတွက် တစ်လကို ၅% ပေးမယ်။ ဒါဆိုဖြစ်နိုင်သေးတယ်။
ရှယ်ယာထည့်ချင်တဲ့သူထည့် အကန့်အသတ်မထားဘူး၊ လာကြဟေ့ လာကြ၊ အဲ့ဒီအတွက် တစ်လကို ၅% ပေးမယ်။ ဒါဆို ဖြစ်နိုင်လား ၁ နဲ့ပဲစဉ်းစားကြည့်၊
သိန်း ၅ ထောင် သိန်း ၁ သောင်း သိန်း ၂ သောင်းဖြစ်လာမယ်။ များလာသလောက် တစ်လ ၅% လိုက်မြတ်နေဖို့ဆိုတာ အဓိပ္ပါယ်ရှိသေးလားစဉ်းစားတော့
--- လုပ်ကိုင်မယ့် လုပ်ငန်းက ၀ယ်မယ့်သူများလား ၁ ချက်၊
ဥပမာတစ်ခုကတော့ ဧရာမြေကိုပဲပြောရမှာပဲ။ အများစုကြားဖူးလိုက်မယ်ထင်တယ်။
ရှယ်ယာတွေအားရပါးရခေါ်တယ်၊ ဘာလုပ်ပြတယ်ထင်လဲ၊ ရေနွေးကြမ်းကို ရေသန့်ဘူးထဲ ထည့်ရောင်းမယ့် စက်ရုံ၊
ဘယ်နှစ်ယောက်များ ၀ယ်သောက်နေတာတွေ့ဖူးလဲ။ ဘယ်နှစ်ပုလင်းများရောင်းရမယ်ထင်လဲ။ သူ့ရဲ့ ရေနွေးကြမ်းပုလင်းမပြောပါနဲ့ City Mart မှာ ရောင်းနေတဲ့ Pokka Green Tea ဆိုတဲ့ ဗူး ဘယ်လောက်ရောင်းအားကောင်းနေလဲ တစ်ရက်လောက်သွားစောင့်ကြည့်လိုက် စျေးကွက်ကို မှန်းလို့ရသွားမယ်။
လူအထင်ကြီးအောင် သူ့ရဲ့အကြံဥာဏ်အရမ်းကောင်းပါတယ်ဆိုတာ ထက်ထက်မိုးဦးနဲ့ မုန်းနေအောင်ကြေငြာတာပဲရှိတယ်။ Product က အာပလာကြီး။
အရေးအကြီးဆုံးအချက်က အဲ့လောက်အမြတ် သေချာနေရင် ခင်ဗျားတို့တောင်ခေါ်မနေဘူး။ သူ့ဟာသူ ကြိတ်ပလိုက်ပြီ။ ခရိုနီတွေ အပြင်လူတွေရှယ်ယာခေါ်တယ် ဘယ်တုန်းကများကြားဖူးတုန်း။ အချင်းချင်းလက်သိပ်ထိုးပြီး ကြိတ်လိုက်တာပဲ။
------
ဒီတော့ကာ လုပ်ငန်းတစ်ခုလုပ်တော့မယ်ဆိုရင် အမြတ်ရာခိုင်နှုန်းဘယ်လောက်ဆိုတာကို အကြမ်းဖျင်းမှန်းလို့ရသွားပြီ
ငါတော့ သိန်း ၁ သောင်းလောက် ရင်းပြီးဆော်ထည့်လိုက်မယ် တစ်နှစ် ၅၀% တော့ ပြေးမလွတ်ဘူးဟေ့လို့ ပြောနေရင် တစ်ခုခုတော့ စဉ်းစားသင့်နေပြီ
အခုခေတ်မှာ အဘနဲ့ အဆွေအမျိုးများမဟုတ်ရင် ဘယ်လိုမှကို မလွယ်လို့ပါ။ မဖြစ်နိုင်တာတော့မဟုတ်ပါဘူး၊ အများစုအတွက် မဖြစ်နိုင်တာကိုဆိုလိုတာပါ။
သိပ်ပြီး ပေါက်ပေါက်မြောက်မြောက်ဖြစ်သွားတဲ့ လုပ်ငန်းအချို့ ဒီ့ထက်မြတ်နိုင်ပါတယ်။ အလွန်ရှားပါတယ်။
အလွန်ရှားတာကို ဘယ်တော့မှ ထည့်မတွက်ပါနဲ့၊ အဲ့ဒါ မွဲဖို့လမ်းစပါ။
ပုံမှန်မြတ်နိုင်တာကိုပဲအရင်တွက်ပါ။ အဲ့ထက်ပိုကောင်းလာတာ ကိုယ့်ရဲ့ကံကောင်းမှုပါ။ Luck ကို တွက်ချက်မှုထဲ ဘယ်တော့မှမထည့်ပါနဲ့။
ထည့်တွက်မိရင် ငါ ဒီလောက်မဖြစ်ရကောင်းလားဆိုပြီး စိတ်ဓါတ်ကျတာက အရှေ့ဆုံးကလာပြီး လုပ်ငန်းကို ရပ်လိုက်ရပါလိမ့်မယ်။
၁၀ သိန်းလောက်ရင်းပြီးလုပ်မယ့် လုပ်ငန်းတစ်ခု ၁ နှစ်ကို ၁၀၀၀% မြတ်ဖို့ဆိုတာ ဖြစ်နိုင်ပါတယ်။ ၁ထောင်%ဆိုတာ ၁၀ သိန်းရင်းပြီး တစ်နှစ်နေရင် သိန်း ၁၀၀ ဖြစ်တာပါ။ ဒါကျတော့ အိမ်မက်မဟုတ်ပါဘူး။
ဒီလောက်ဆို အမြတ်ရာခိုင်နှုန်းအကြောင်း နည်းနည်းနားလည်မယ်ထင်ပါတယ်။
(ဒီနေ့မှ ခေါင်းထဲမှာ လင်းခနဲဖြစ်လာလို့ တန်ဖိုးရှိလို့ အလုပ်တွေပစ်ပြီး ချရေးလိုက်တာခင်ဗျ၊ စာရေးတယ်ဆိုတာ inspiration နဲ့ trance က အရေးအကြီးဆုံးပဲခင်ဗျ)
#AMT
အောင်မေတ္တာ

No comments:

Post a Comment