၁၅ရက်အတွင်း မြရိပ်ညိုဝင်းအတွင်းမှ ထွက်ခွာသွားရန် ဇေကမ္ဘာကို တပ်က နို့တစ်စာပေးပို့


၁၅ရက်အတွင်း မြရိပ်ညိုဝင်းအတွင်းမှ ထွက်ခွာသွားရန် ဇေကမ္ဘာကို တပ်က နို့တစ်စာပေးပို့
-------------------------------------
လိုက်နာခြင်းမရှိပါက ဖယ်ရှားမည်ဟု သတိပေး
--------------------
ရန်ကုန်၊နိုဝင်ဘာ ၂၇ရက်
ဇေကမ္ဘာကုမ္ပဏီကို ၁၉၅၅ အစိုးရအိမ်ဥပစာ(နှင်ထုတ်ခြင်း)အက်ဥပဒေ ၃အရ ၁၅ရက်အတွင်း မြရိပ်ညိုဝန်းအတွင်းမှ ဖယ်ရှားထွက်ခွာသွားရန် တပ်က နို့တစ်စာပေးပို့ထားကြောင်း သိရသည်။
နိုဝင်ဘာလ ၁၅ရက်နေ့က ဇေကမ္ဘာဦးခင်ရွှေထံ လိပ်မူပြီး နို့တစ်စာပေးပို့ခဲ့ခြင်းဖြစ်ပြီး ယခုလ နိုဝင်ဘာလ ၃၀ရက်နေ့ နောက်ဆုံးထားကာ မြရိပ်ညိုဝင်း(ဗဟန်းပုလဲလမ်းရှိ ကာကွယ်ရေးဝန်ကြီးဌာနအမည်ပေါက်မြေ ၁၃.၇၉၄ ဧက)အတွင်းမှ ထွက်ခွာသွားရမည်ဖြစ်ကာ သတ်မှတ်ရက်အတွင်း မဖယ်ရှားပေးပါက အနိုင်အထက်ပြုမှုဖြင့် ဖယ်ရှားမည်ဟု နို့တစ်စာတွင် သတိပေးစကားထည့်ပြောထားကြောင်းသိရသည်။
နို့တစ်စာပေးရခြင်းက ရန်ကုန် ဗဟန်းပုလဲလမ်းရှိ ကာကွယ်ရေးဝန်ကြီးဌာနအမည်ပေါက်မြေ ၁၃.၇၉၄ ဧကနှင့်ပါတ်သတ်ပြီး စစ်ထောက်ချုပ်ရုံးက ဇေကမ္ဘာကုမ္ပဏီထံသို့ ၁၀-၅-၂၀၁၈ ရက်နေ့တွင် လုပ်ငန်းများပိတ်သိမ်းရန်အကြောင်းကြားခဲ့ကြောင်း၊၁၄-၁၁-၂၀၁၉ ရက်နေ့တွင် MOA ရပ်စဲကြောင်းနှင့် ရပ်စဲသည့်နေ့မှ စ၍ ၃လအတွင်း ဖယ်ရှားထွက်ခွာသွားရန် အကြောင်းကြားဆောင်ရွက်ခဲ့သော်လည်း ယနေ့အထိ လိုက်နာဆောင်ရွက်ခြင်းမရှိသည့်အတွက်ကြောင့် အစိုးရထံ အခွင့်အာဏာတောင်းခံခဲ့ရာ အစိုးရ ဆောက်လုပ်ရေးဝန်ကြီးဌာနက ၃၀-၁၀-၂၀၁၉ ရက်စွဲဖြင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ အရာရှိတစ်ဦးကို အခွင့်ရအာဏာပိုင် အပ်နှင်းလိုက်၍ ဇေကမ္ဘာထံ နို့တစ်စာပေးလိုက်ခြင်းဖြစ်သည်ဟု သိရသည်။
တပ်မြို့စည်ပင်က စစ်ထောက်ချုပ်ရုံးအနေဖြင့် ဇေကမ္ဘာကုမ္ပဏီကို အဆိုပါမြေပေါ်တွင် ဟိုတယ်လုပ်ငန်းလုပ်ကိုင်ရန် ၁၆-၁-၂၀၁၄နေ့က MOA စာချုပ်ချုပ်ဆိုပြီး ငှားရမ်းခဲ့ကြောင်း၊ကုမ္ပဏီအနေဖြင့်စာချုပ်ချုပ်ဆိုပြီး ငှားရမ်းခကို ၂နှစ်အတွင်း ၅ကြိမ်ပေးသွင်းရမည်ဖြစ်သော်လည်း ၂ကြိမ်သာပေးသွင်းပြီး ကျန်ငွေကို ပေးသွင်းခြင်းမရှိခဲ့ကြောင်း၊ ဇေကမ္ဘာကုမ္ပဏီသည် တရုတ်ကုမ္ပဏီတစ်ခုနှင့် Yangon New World စီမံကိန်းကို ခွင့်ပြုချက်တစ်စုံတစ်ရာမယူဘဲ လုပ်ကိုင်ခဲ့ခြင်း၊၎င်းအပြင် ကုမ္ပဏီအနေဖြင့် BOT စာချုပ်ချုပ်ဆိုနိုင်ခြင်းမရှိသည့် အချိန်တွင် သက်ဆိုင်ရာကို တင်ပြခြင်းမရှိဘဲ ရှေးဟောင်းသမိုင်းဝင် မြို့တော်ဝန်အိမ်အပါအဝင် အခြားအဆောက်အဦ ၂လုံးကို ဖြိုဖျက်ခဲ့ကြောင်း ထိုသို့သော ဖောက်ဖျက် ကျူးလွန်မှုများကြောင့် ၁၀-၅-၂၀၁၈ တွင် ဇေကမ္ဘာကုမ္ပဏီဥက္ကဌထံ လုပ်ငန်းများဆက်လက်ဆောင်ရွက်ရန်အကြောင်းမရှိတော့ကြောင်း၊လုပ်ငန်းပိတ်သိမ်းဆောင်ရွက်ရန် အကြောင်းကြားပြီးဖြစ်ကြောင်း၊တားမြစ်နေသည့်ကြားမှပင် ကုမ္ပဏီသည် မြို့နယ်၈မြို့နယ်ရေပေးဝေနေသည့် ကုက္ကိုင်းရေလှောင်ကန်ဆက်စပ်မြေနေရာကို ထိခိုက်နိုင်သည်ဆိုသော ကန့်ကွက်မှုများပေါ်လာအောင် စီမံကိန်းမြေနေရာတွင် မြေတူးဖော်မှုခဲ့ခြင်းများရှိခဲ့ကြောင်း၊ခွင့်ပြုချက်မယူဘဲ ခွင့်ပြုသယောင် အဆိုပါမြေပေါ်တွင် စီမံကိန်းများလုပ်မည်ဆိုသော သတင်းများကိုလည်း ထုတ်ပြန်ခဲ့ပါကြောင်း အစရှိသည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်ခဲ့၍ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်ခြင်းဖြစ်သည်ဟု ၂၀၁၈ခုနှစ်ကပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ပြောဆို ရှင်းပြထားသည်။
ဇေကမ္ဘာကုမ္ပဏီ၏ မှတ်ချက်ကို ရယူရန် ကြိုးစားသော်လည်း မရခဲ့၍ မဖော်ပြနိုင်ပါ။
မောင်မောင်/Myanmar Harp

No comments:

Post a Comment