အီရန်နိုင်ငံထဲမှာ ပျက်ကျသွားတဲ့ ယူကရိန်းလေကြောင်းလိုင်းက လေယာဉ် Boeing 737 ရဲ့ blackbox လေယာဉ်ခရီးစဉ်မှတ်တမ်းတင်ကိရိယာကို အီရန်က Boeing ကုမ္ဗဏီကို လွှဲမပေးဘူးတဲ့။ သတင်းခေါင်းစဉ်ပဲ ဖတ်လိုက်ဖြစ်ပေမယ့် အမေရိကန်ကုမ္ဗဏီမို့လို့ မယုံလို့ တမင်လွှဲမပေးတာလို့ပဲ ထင်ပါတယ်။ သတင်းဖတ်ပြီးသူများ ပြင်စရာရှိပြင်ပေးပါ။
လေယာဉ်ပျက်ကျရခြင်း အကြောင်းရင်းကတော့ နောက်ပေါ်လာမှာပါ။ ပြောချင်တာက နိုင်ငံချင်းစစ်ဖြစ်ကြရင်၊ အကျိုးစီးပွားချင်း ထိပ်တိုက်တွေတဲ့အခါ ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ဗဏီတွေကိုကအစ ဘယ်နိုင်ငံကလည်း ကြည့်တဲ့အကြောင်း။ တရုတ်က အမေရိကန် ဆိုရှယ်မီဒီယာကုမ္ဗဏီတွေဖြစ်တဲ့ facebook၊ အင်တာနက်ကုမ္ဗဏီ Google တို့ကို မယုံတာ အားလုံးသိပါတယ်။ နိုင်ငံရေးရော စီးပွားရေးပါ ပါပေမယ့် မယုံတာ အရင်းခံပါ။ Google က အမေရိကန်ကုမ္ဗဏီဖြစ်တဲ့အတွက် တရုတ်အရာရှိကြီးတွေက gmail သုံးမှာမဟုတ်ဘူး။ အမေရိကန်အစိုးရက data တွေတောင်းရင် အမေရိကန်ကုမ္ဗဏီတွေက လွန်ဆန်နိုင်မှာမဟုတ်ဘူး။ အမေရိကန်ကလည်း ဟွဝေအပြင် တရုတ်နည်းပညာကုမ္ဗဏီတချို့ကို အတော်မယုံတဲ့သဘောရှိတယ်။ တရုတ်က ဘာတွေလုပ်ထားလဲ သူတို့အချင်းချင်းတော့ သိကြမှာပေါ့လေ။
စစ်ဖြစ်တဲ့အချိန် ကြက်ရေးငှက်ရေးမှာ တခြားဟာတွေ အသာထားပြီး ဘယ်နိုင်ငံကလဲဆိုတာပဲ ကြည့်လေ့ရှိကြတယ်။ ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်နိုင်ငံက လာတဲ့ အမေရိကန်တွေ၊ ဂျပန်အမေရိကန်တွေကို သမ္မတရုစဗဲ့ အမိန့်နဲ့ စခန်းတွေသပ်သပ်ထားပြီး လှောင်ထားဖူးတယ်။ အမေရိကန်နိုင်ငံသားအများစုဖြစ်တဲ့ ဂျပန်တစ်သိန်းကျော်လောက်ကို လှောင်ထားခဲ့တာ။ ကိုယ်နဲ့စစ်ဖြစ်တဲ့နိုင်ငံကလာတဲ့အတွက် အမေရိကန်နိုင်ငံသားတွေဖြစ်နေတာတောင် မယုံခဲ့တာ တကယ့်ဖြစ်ရပ်ပါ။ လူ့အခွင့်အရေးကို အရမ်းအလေးထားတဲ့ အမေရိကန်လိုနိုင်ငံမျိုးမှာ တကယ်ဖြစ်ခဲ့တာ။ နောက်ပိုင်းမှာ ဒီမိုကရေစီနိုင်ငံနောက်တစ်နိုင်ငံဖြစ်တဲ့ ကနေဒါကပါ လိုက်လုပ်ခဲ့တယ်။
စစ်ဆိုတာ ကြောက်စိတ်၊ အမုန်းစိတ်တွေ ဖုံးလွှမ်းတဲ့ကာလဖြစ်တဲ့အတွက် သာမန်ကာလတွေနဲ့ မတူကြတာကို သင်ခန်းစာယူရပါတယ်။ ဒီအချိန်မှာ လူသားတွေဟာ တောရိုင်းစိတ်ကို ပြန်သွားလေ့ရှိကြတယ်။
Zaya Thu
No comments:
Post a Comment